ဆီးလမ်းကြောင်းပိုးဝင်တာ အတွင်းခံ မသန့်လို့လား
ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာက အတော်လေးတော့ သက်တောင့်သက်သာ မရှိတဲ့ အလုပ်ပါ။ ဆီးသွားရင်ပူတာ၊ ဆီးစပ်ကိုက်တာမျိုးတွေကို ခံစားရတာပါ။ ဒီလို ဆီးလမ်းကြောင်းပိုးဝင်တာက အတွင်းခံ မသန့်ရင် ဖြစ်တတ်တယ်လို့လည်း ကြားဖူးမှာပေါ့။ တကယ်ပဲ အတွင်းခံ မသန့်ရင် ဆီးလမ်းကြောင်းပိုးဝင်တတ်လားဆိုတာကို လေ့လာလိုက်ရအောင်နော်။
ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာက ဘက်တီးရီးယားပိုး ဝင်ရောက်ကူးစက်တာကြောင့်ပါ။ ဆီးစွန့်ပြွန်ကို ဘက်တီးရီးယားပိုး ဝင်ရောက် ကူးစက်တာကြောင့်ပါ။ ဆီးစွန့်ပြွန်ကနေတဆင့် ဆီးအိမ် ကျောက်ကပ်တွေအထိ ပိုးဝင်ရောက် ကူးစက်သွားပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကို ခံစားရနိုင်ပါတယ်။
အတွင်းခံ မသန့်တာကြောင့်ပဲ ဆီးလမ်းကြောင်း ပိုးဝင်တာတော့ မဟုတ်ပါဘူး။ အခုလို အချက်တွေကြောင့်လည်း ဆီးလမ်းကြောင်းပိုးဝင်နိုင်ပါတယ်။
လိင်ဆက်ဆံတာကြောင့်
လိင်ဆက်ဆံတဲ့အခါ ထွက်လာတဲ့ ခန္ဓာကိုယ်က အရည်တွေကနေ ကူးစက်တာပြီး ဆီးလမ်းကြောင်းပိုးဝင်နိုင်သလို စအိုကနေ ထွက်လာတဲ့ ပိုးတွေကြောင့်လည်း ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။ လိင်ဆက်ဆံဖော်မှာ ပိုးရှိနေတာကြောင့်လည်း ဆီးလမ်းကြောင်းပိုးဝင်တာပါ။
ကျောက်ကပ် ကျောက်တည်တာ
ကျောက်ကပ်ကျောက်တည်တာကလည်း ဆီးလမ်းကြောင်းပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ရေသောက်နည်းတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆားတွေ အစားများတာကြောင့်လည်း ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။ ဒီလို ကျောက်ကပ်မှာ ကျောက်တည်တာကလည်း ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။
အစာခြေလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ
ဝမ်းပျက်ဝမ်းလျှောတာတွေကလည်း ဆီးအိမ်ထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်စေပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။
ဆီးခုံမွေးတွေ များတာ
ဆီးခုံမွေးတွေက ဘက်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားစေနိုင်ပြီး မိန်းမကိုယ်ကနေတဆင့် ဆီးလမ်းကြောင်းကို ဝင်ရောက် ကူးစက်နိုင်ပါတယ်။ ဒီလို ကူးစက်တာကလည်း ဆီးလမ်းကြောင်းပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးခုံမွေးကို တိပေးတာ ဆပ်ပြာပျော့ပျော့လေး သုံးပြီး သန့်စင်ဆေးကြောပေးတာမျိုး လုပ်ပေးပါ။
ဆီးအောင့်ထားတာ
ဆီးသွားချင်တာကို အောင့်ထားမယ်ဆိုရင်လည်း ပိုးတွေ ပေါက်ဖွားစေနိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးသွားချင်တယ်ဆိုရင် ချက်ချင်း သွားလိုက်ပါ။
အဝတ်တွေကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာ
အတွင်းခံကို တင်းတင်းကျပ်ကျပ် ဝတ်ထားတာကလည်း ချွေးတွေထွက်စေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားစေတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ နိုင်လွန်ပါတဲ့ အတွင်းခံတွေ မသန့်တဲ့ အတွင်းခံတွေကလည်း ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ အတွင်းခံတွေကို တင်းတင်းကျပ်ကျပ်ဝတ်ထားတာကလည်း ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။
အဝတ်အစား အစိုတွေ ဝတ်ထားတာ၊ ချွေးစိုတွေကို မလဲဘဲ ဝတ်ထားတာ
အဝတ်အစားတွေက ရေစိုနေတာကို ဝတ်ထားတာ၊ လေ့ကျင့်ခန်း လုပ်ပြီး ချွေးတွေစိုနေတဲ့ အဝတ်တွေကို မလဲဘဲ ဝတ်ထားတာက ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပြီး ဆီးလမ်းကြောင်းပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။
အတွင်းခံကို သန့်သန့်လေး ဝတ်ဖို့ လိုသလို အတွင်းခံကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာမျိုး မလုပ်ဖို့လည်း လိုပါမယ်။
မွန်မွန်